Tuesday, October 11, 2016

အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့်
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုးဦး၏ရုပ်အလောင်းများကို မောင်တောမြို့ သုသာန်တွင် အခမ်းအနားဖြင့်
မြေမြုပ်သဂြိုလ်

==

မောင်တော၊ အောက်တိုဘာ ၁၁ ။

မောင်တောနယ်စပ်အခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်နှင့် စခန်းနှစ်ခုကို
အောက်တိုဘာ ၉ ရက် ညအချိန်က အကြမ်းဖက်သောင်းကျန်းသူများ
စီးနင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင် ကိုးဦး၏
ရုပ်အလောင်းများကို မောင်တောမြို့ သုသာန်တွင် အခမ်းအနားဖြင့်
မြေမြုပ်သဂြိုလ်လိုက်ပြီဖြစ်ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက AHN သို့ ပြောသည်။

အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့်
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုးဦးကို မောင်တောမြို့နယ် ပြည်သူ့ဆေးရုံတွင်
စစ်ဆေးခဲ့ပြီးနောက် နှစ်ရက်အကြာ အောက်တိုဘာ ၁၁ ရက် ညနေ ၎
နာရီကျော်ခန့်တွင် သဂြိုလ်ခဲ့ခြင်းဖြစ် သည်ဟုလည်း ၄င်းကဆိုသည်။

ကျဆုံးခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ သဂြိုလ်သည့် အခမ်းအနားသို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦး အပါအ၀င်
အရာရှိ၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ
လိုက်ပါပို့ဆောင်ခဲ့ကြကြောင်းလည်း ၄င်းကပြောသည်။

“ကျဆုံးရဲတပ်ဖွဲ့ဝင်များအခမ်းအနားမှာ နိုင်ငံတော်အလံကို အလေးပြုတာ၊
ကျဆုံးတပ်ဖွဲ့ဝင်တွေကို ခရာမှုတ်အလေးပြုတာတွေ ဆောင်ရွက်ခဲ့ပါတယ်”ဟုအခြားသော
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၉ ရက် နံနက် ၁ နာရီကျော်တွင် မောင်တောမြို့နယ်
ကျီးကန်းပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲဌာနချုပ်အပါအ၀င်
ငါးခူရနယ်ခြားစောင့်ရဲစခန်း၊ ကိုးတန်ကောက်နယ်ခြားစောင့်ရဲစခန်းမှ
တပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း၊

ယင်းအပြင် နယ်ခြားစောင့်ရဲစခန်းများမှ လက်နက်မျိုးစုံ ၅၀ ကျော်နှင့်
ကျည်ဆံ တစ်သောင်းကျော်လည်း ဆုံးရှုံးခဲ့ရကြောင်း၊

အဆိုပါ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နယ်စပ်ဒေသလုံခြုံရေးကို
တိုးမြှင့်ထားပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို တပ်မတော်နှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြင့် ဆောင်ရွက်နေကြောင်း
မောင်တောမြို့ခံတစ်ဦးကပြောသည်။

==

ကံမောင်

PHOTO - AHN

No comments:

Post a Comment