Monday, November 14, 2016

မွန်ပြည်နယ်အစိုးရအဖွဲ့ကို အပြောင်းအလဲတစ်စုံတရာပြုလုပ်မည်မဟုတ်ကြောင်း ဦးဝင်းထိန်ပြော

========

မော်လမြိုင်၊နိုဝင်ဘာ ၁၃။

မွန်ပြည်နယ် ၀န်ကြီးချုပ်နေရာ အပြောင်းအလဲ ပြုလုပ်မည်ဟုသတင်းများထွက်ပေါ်နေသော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့ကို အပြောင်းအလဲပြုလုပ်မည်မဟုတ်ကြောင်း၊ နိုဝင်ဘာလ (၁၃) ရက်နေ့က မော်လမြိုင်မြို့၊ မွန်ပြည်နယ်အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည့် အစိုးရအဖွဲ့အစည်း၊လွှတ်တော်နှင့် မွန်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က သတင်းမီဒီယာများကိုပြောသည်။

“ကိုယ်က ဘာအာဏာမှ မရှိတဲ့အတွက် မွန်ပြည်နယ် အစိုးရကို အပြောင်းအလဲလုပ်ဖို့တော့မရှိပါဘူး၊၀န်ကြီးချုပ်အသုံးမကျရင် မကျသလို၊ မကျေနပ်ဘူးဆိုရင် မကျေနပ်သလိုပြောတာပါ။ သူ့ကို လာဆုံးမတာတော့မဟုတ်ပါဘူး။ဒီမိုကရေစီဆန်ဆန်ပဲ လုပ်သွားမယ်။ဒေါ်အောင်ဆန်းစုကြည်ပြောသလို ခြေထောက်အောက်မှာ          မြေကြီှးရှိတယ်ဆိုတာ အမြဲသတိရနေဖို့ ပါပဲ” ဟု ဦးဝင်းထိန်ကပြောသည်။

အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ၊ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူနှင့် မွန်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

“ဒီနေ့အစည်းအဝေးက အစိုးရရယ်၊ လွှတ်တော်နဲ့ မွန်ပြည်နယ်က ပါတီတွေကို ညှိုနှိုင်းပြီးတော့ အလုပ်လုပ်ကြဖို့၊နောက်ပြီး လွှတ်တော်နဲ့ အစိုးရကြား ပြဿနာတွေ သဟဇာတဖြစ်အောင်နေကြဖို့ လာရောက်ဆွေးနွေးကြတာပါ။ဆွေးနွေးပွဲက အောင်မြင်ပါတယ် ။ဒါပေမယ့် ဒီလမ်းထဲကိုနောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး" ဟု  ရယ်မောလျက်  ဦးဝင်းထိန် ကပြောကြားသည်။

ထို့အပြင် ပြည်သူလူထု မျှော်မှန်းထားသော မျှော်လင့်ချက်များကို တတ်နိုင်သမျှ ဖြေရှင်းပေးမည်ဖြစ်ပြီး မွန်ပြည်နယ် ၀န်ကြီးချုပ်အား လာရောက်ဆုံးမခြင်းမျိုးမဟုတ်ကြောင်း လည်း၎င်းကဆက်လက်ပြောကြားသည်။

မွန်ပြည်နယ် ၀န်ကြီးချုပ် နေရာအပြောင်းအလဲနှင့် ပတ်သတ်ပြီး အဆိုပါ အစည်းအဝေးတွင် ၀န်ကြီးချုပ်ဦးမင်းမင်းဦး အား မီဒီယာများမှ မေးမြန်းခဲ့သော်လည်း ဖြေကြားရန်ငြင်းဆိုခဲ့ပြီး တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အချို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိမွန်ပြည်နယ် ၀န်ကြီးချုပ်ဦးမင်းမင်းဦးက ၀န်ကြီးချုပ်ရာထူးမှ အနားယူလိုကြောင်း ဦးဝင်းထိန်ထံ နှုတ်ဖြင့်တင်ပြခဲ့သည်ဟု ပြည်တွင်းမီဒီယာအချို့ တွင်ဖော်ပြခဲ့သော်လည်း ၄င်းနေရာတွင် အစားထိုးခန့်အပ်ရန် ထင်ကြေးပေးခံနေရသည့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်နှင့် ဦးဝင်းထိန်းတို့က မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။

=======

သားထွေး(AHN-MLM)

PHOTO - TH ( AHN )

No comments:

Post a Comment